1 သင်၏အသင်းဝင်များသည် တိုင်းပြည်အုပ်ချုပ်သူများနှင့် အခွင့်အာဏာရှိသူတို့အား ပုန်ကန်ခြားနား ခြင်းမပြုမိစေရန်သတိပေးပါ။ သူတို့သည် အကူအညီလိုအပ်သောသူတို့အားကူညီပေးရန် အစဉ်အမြဲ အဆင်သင့်ဖြစ်စေပြီး 2 ရန်လိုရိုင်းပြသောအမူအရာ၊ အပြောအဆိုများကို မပြုမိစေရန် သတိပေးပါ။ အသင်းသားတို့အားလူတိုင်းကိုသနားကြင်နာ၍သိမ်မွေ့ စွာဆက်ဆံပေါင်းသင်းတတ်စေရန်သင်ကြားပေးပါ။ 3 တစ်ချိန်ကကျွန်ုပ်တို့ကိုယ်တိုင်ပင် မိုက်မဲခြင်း၊မနာခံခြင်း၊ရူးမိုက်ခြင်းတို့ကို ပြုလုပ်တတ်ကြပြီး အပျော်အပါးများနှင့် အလို ဆန္ဒအမျိုးမျိုးတို့ကိုမစဉ်းစားမတွေးခေါ်ဘဲပြုလုပ်တတ်ကြသည်။ကျွန်ုပ်တို့၌ မကောင်းမှုများနှင့်မနာလိုမှုများလည်း ရှိကြ၏။ သူတစ်ဖက်သားက ကျွန်ုပ်တို့အား မုန်းသကဲ့သို့ ကျွန်ုပ်တို့ကလည်း လူတစ်ဖက်သားကို မုန်းတတ် ကြ၏။ 4 ကျွန်ုပ်တို့အား ကယ်တင်တော်မူသော ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ်ထားရှိသော ကရုဏာတော်၊မေတ္တာတော်များ ကြီးမြတ်ကြောင်းကို ပေါ်လွင်ထင်ရှားစေတော်မူလေပြီ။ 5 ကျွန်ုပ်တို့ဖြောင့်မတ်မှန်ကန်ခြင်းကြောင့်မဟုတ်ဘဲ ဘုရားရှင်၏မဟာကရုဏာတော်ဖြင့်ကယ်တင်ခြင်းသာဖြစ်ပါသည်။ ဘုရားဝိညာဉ်တော်အားဖြင့်ကျွန်ုပ်တို့၏အပြစ်များအားဆေးကြောသန့်စင်ပေးတော်မူပြီးကျွန်ုပ်တို့အား အသစ်တဖန် ပြန်လည်မွေးဖွားစေတော်မူပါ၏။ 6 ဘုရားရှင်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ကိုယ်တော်ယေရှုကို စေလွှတ်တော်မူပြီး သူ၏မြင့်မြတ်သောဝိညာဉ်တော်အား ကျွန်ုပ်တို့အတွက်ရက်ရက်ရောရောပေးအပ်တော်မူခဲ့ပါသည်။ 7 ကိုယ်တော်ယေရှု၏ကျေးဇူးတော်ဖြင့်ဘုရားရှင်၏ဉာဏ်အလင်းတော်သည်ကျွန်ုပ်တို့အပေါ်သက်ရောက်စေပြီး“နိစ္စထာဝရ အသက်” တည်းဟူသော မျှော်လင့်ချက်များရှိလာခဲ့သည်။ 8 ဤမင်္ဂလာသတင်းအားယုံကြည်ကိုးစားကြပါ။ ဘုရားရှင်ကိုယုံကြည်သောသူအပေါင်းတို့သည်ကောင်း မြတ်သောအမူအကျင့်များကိုသာပြုကြရန်သတိထားဆင်ခြင်ကြပါ။ဤဩဝါဒများသည်လူတိုင်းအတွက်အဖိုးထိုက်တန်၏။ 9 ထို့ကြောင့်ဘိုးဘေးစဉ်ဆက် အကြောင်းတရားများကြောင့်ရန်ဖြစ်ခြင်း၊ ဘာသာရေးပညတ်တော်များအတွက်အကျိုးမဲ့ငြင်းခုံခြင်းများကိုရှောင်ကြည်ပါ။ 10 ပြဿနာရှာသူများကို တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်သတိပေးပါ။ ထိုသို့ သတိပေးပြီးနောက် ထိုသူတို့နှင့် နောက်ထပ်မဆက်ဆံပါနှင့်။ 11 ထိုသူတို့သည်သမ္မာတရားမှရှောင်ခွာ၍သူတို့၏အပြစ်များကိုသူတို့ကိုယ်တိုင်စီရင်ကြလေပြီ။ 12 အာတေမ(သို့မဟုတ်)တုခိတ်အား သင်တို့ထံသို့စေလွှတ်ရန် ကျွန်ုပ်စီစဉ်နေ၏။ သူရောက်လာသော အခါ နိကောပလိမြို့၌ ကျွန်ုပ်အားတွေ့ဆုံရန် ကျေးဇူးပြု၍ကြိုးစားကြပါ။ ထိုနေရာတွင် ဆောင်းကာလကို ကုန်လွန်သည်အထိ နေထိုင်ရန်ဆုံးဖြတ်ထားပါသည်။ 13 ရှေ့နေဖြစ်သူဇနနှင့် အာပေါလုတို့ ခရီးထွက်ခွာသည့်အခါ လိုလေသေးမရှိအောင်အစွမ်းကုန်ကူညီကြပါ။ 14 ငါတို့လူများအား တန်ဖိုးရှိသော အချိန်များကို အကျိုးရှိအောင်အသုံးပြုရန် ဆုံးမသွန်သင်ပါ။အရေးပေါ်အကူအညီလိုအပ်နေသူများအားချက်ချင်းကူညီပါ ။ကောင်းသောအမှု၌မွေ့လျှော်စေရန်ဆုံးမသွန်သင်ပါ။ 15 ကျွန်ုပ်နှင့်အတူရှိသော သူအပေါင်းအား လုံးကိုနှုတ်ခွန်းဆက်သပါ၏။ကျွန်ုပ်တို့အပေါ်ယုံကြည်၍ချစ်ခင်သူအပေါင်းအားလည်း နှုတ်ခွန်းဆက်သပါ၏။ သင်တို့အားလုံးအပေါ် ဘုရားရှင်၏ကျေးဇူးတော်များခံစားရပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။