အခန်း(၁)

1 ဘုရားရှင်၏အစေခံပေါလုထံမှတိတုထံသို့ စာရေးလိုက်ပါသည်။ကျွန်ုပ်သည်ကိုယ်တော်ယေရှု၏တပည့်တော်တစ်ယောက်လည်းဖြစ်၏။ အဖဘုရားရှင်ကကျွန်ုပ်အားဘုရားရှင်ရွေးကောက်တော်မူသောသူများသည် ဘုရားရှင်ကိုပိုမိုယုံကြည်သက်ဝင်လာစေရန်အတွက်ဆုံးမသွန်သင်ရန်စေလွှတ်တော်မူခဲ့ပါသည်။ 2 ဤကပ်ကမ္ဘာမတိုင်မှီကပင်ဘုရားရှင်ကကျွန်ုပ်တို့သည် နိစ္စထာဝရအသက်ကို မုချရရှိကြပါလိမ့်မည်ဟုဗျာဒိတ်တော်ပေးခဲ့ပါသည်။ ဘုရားရှင်သည် လိမ်ညာမုသားပြောဆိုခြင်းမှ ကင်းစင်တော်မူပါ ၏။ 3 ထို့ကြောင့် အချိန်တန်လျှင်ဤနှုတ်ကပတ်တော်တရားများကိုဟောကြားရန်ကျွန်ုပ်အားယုံကြည်စိတ်ချစွာမှာကြားတော်မူခဲ့ပါသည်။ကျွန်ုပ်တို့အားကယ်တင်ရှင်ဖြစ်တော်မူသောဘုရားရှင် ၏ပညတ်တော်များကို လည်းထုတ်ဖော်ဟောကြားရန်မိန့်တော်မူခဲ့ပါသည်။ 4 ငါ၏ယုံကြည်ချက်အတိုင်း ယုံကြည်ပြီးကျွန်ုပ်၏ သားအရင်းကဲ့သို့ပါ ချစ်ခင်ရသောတိတုထံသို့စာရေးလိုက်ရပါသည်။ အဖဘုရားရှင် နှင့် ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့်သင်အပေါ်၌ ငြိမ်းချမ်းခြင်း ကောင်းချီးမင်္ဂလာ သက်ရောက်ပါစေသတည်း။ 5 ကျွန်ုပ်သည် ကရေတေကျွန်းတွင်သင့်အားချန်ထားခဲ့ရခြင်းရည်ရွယ်ချက်မှာမြို့တိုင်းတွင်ရှိသော အသင်းတော်များအတွက် သင်းအုပ်ဆရာများခန့်ထားနိုင်ရန်နှင့် ကျွန်ုပ်မဆောင်ရွက်နိုင်ခဲ့သည်များကိုပါ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်ပင်ဖြစ်သည်။ 6 အသင်းတော်ခေါင်းဆောင်ခန့်အပ်ရာတွင် ကောင်းသောဂုဏ်သတင်းနှင်ပြည့်စုံသူဖြစ်ပြီး၊ အိမ်ထောင် ရေးတွင်သစ္စာရှိ၍ တစ်လင်တစ်မယားစနစ်ကျင့်သုံးသူများဖြစ်ရမည်။ ထိုသူတို့၏ သားသမီးတို့သည် ဘုရားရှင်အားယုံကြည်သက်ဝင်ပြီး မိဘ၏ဆိုဆုံးမမှုကိုမနာခံဘဲ ရိုင်းစိုင်းသူများမဖြစ်ရ။ 7 အသင်းတော်ကိုခေါင်းဆောင်သူသည် ဘုရားအမှုတော်ကိုစီမံခန့်ခွဲဆောင်ရွက်ရမည့်ကြီးကြပ်သူဖြစ်၍ နာမည်ကောင်းရှိသူဖြစ်ရမည်။ သူတို့သည် စိတ်ဆိုးလွယ်သူ၊ မောက်မာသူ၊သေသောက်ကျူးသူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ လောဘကြီးသူမဖြစ်စေရ။ 8 ထိုကဲ့သို့သောသူမျိုးဖြစ်ရမည့်အစားသူတို့သည် ဧည့်သည်များအား နွေးထွေးပျူငှာစွာ ဖြင့်ကြိုဆိုပြီးဧည့်ဝတ်ကျေပွန်သူဖြစ်ရမည်။မိတ်ဆွေကောင်းပီသရမည်။ထိုသင်းအုပ်ဆရာ တို့သည် ပညာသတိနှင့်ပြည့်စုံပြီး ရိုးသားဖြောင့်မတ်သူ၊ ဘုရားဝတ်၌မွေ့လျော်သူ၊ မိမိကိုယ်ကိုထိန်းချုပ်နိုင်သူဖြစ်ရမည်။ 9 အသင်းတော်ခေါင်းဆောင်များသည် သမ္မာတရားတော် များကိုလက်စွဲကိုင်ပြီး ဟောပြောသွန်သင်သူများဖြစ်ရမည်။ ထို့ကြောင့်အသင်းတော်ခေါင်းဆောင်များသည် လမ်းလွဲနေသူတိုင်းအားကူညီဖေးမ၍လမ်းမှန်ကိုတည့်မတ်ပေးရမည်။ 10 ထိုတရားများကိုဆန့်ကျင်ကာအကျိုးမဲ့သောစကားများဖြင့်လိမ်ညာလှည့်ဖျား တတ်သူများ၊အများအပြားရှိကြသည်။ အထူးသဖြင့်ဤကဲ့သို့သောသူများသည်မေရှိယ၏ နောက်လိုက်တပည့်တော် များအားလုံးကိုအရေဖျားဖြတ်ရန်မှာတတ်ကြ၏။ 11 သို့ရာတွင်သူတို့အားထိုကိစ္စရပ်များအားမပြောရန်တားမြစ်ရမည်။ သူတို့သည် အရှက်တကွဲအကျိုးနည်းဖြစ်စေမည့်မသွန်သင်သင့်သောကိစ္စရပ်များကို သင်ကြားသည့်အတွက် မိသားစုတစ်ခုလုံး ယုံကြည်မှုများပျက်ယွင်းကြရသည်။ 12 ရှေးပညာရှိပရောဖက်တစ်ဦးက “ကရေတေကျွန်းသားတို့သည်အမြဲပင်လိမ်လည်တတ်ကြ၏။တောရိုင်းတိရိစ္ဆာန်များကဲ့သို့ အစားကြူးပြီးပျင်းရိသူများဖြစ်ကြ၏”ဟု မိန့်ဆိုခဲ့ဖူးလေသည်။ 13 ထိုအဆိုအမိန့်မှာ အမှန်ပင်ဖြစ်လေသည်။ ဤသို့ပျင်းရိသူတို့အားဘုရားကိုယုံကြည်မြတ်နိုးပြီးယုံကြည်ချက်ခိုင်မာစေရန် နိုးဆော်ပေးရမည်။ 14 ထိုပညာမဲ့သူယုဒလူမျိုးတို့၏ ဒဏ္ဏာရီပုံပြင်များနှင့် လူတို့ပြုပြင်ပြောင်းလဲထားသော ပညတ်တရားတော်များကို အာရုံမစိုက်ကြပါနှင့်။ ထိုအရာများသည် သမ္မာတရားများကိုလိုက်နာခြင်းမရှိသောသူများ၏ ပြုပြင်ပြောင်းလဲ ထားသောပညတ်တော်များသာဖြစ်လေသည်။ 15 သူတော်စင်တို့၏စိတ်နှလုံးသည် သန့်ရှင်းစင်ကြယ်သောကြောင့် ထိုသူတို့အတွက် အရာရာသည်သန့်ရှင်းစင်ကြယ်၏။ သို့ရာတွင် ကိုယ်ကျင့်တရားပျက်ပြားပြီးဘုရား ရှင်အားမယုံကြည်သောသူတို့အတွက်မည်သည့်အရာမျှသန့် စင်ခြင်းမရှိ။ ထိုသူတို့၏စိတ်နှလုံသားးနှင့်ဟီရိဩတ္တပ တရားနှစ်မျိုးစလုံး ပျက်စီးရ၏။ 16 သူတို့သည် နှုတ်အားဖြင့်ဘုရားကိုကြည်ညိုပြီး လက်တွေ့မှာမူ ဘုရားကိုဆန့်ကျင်သူများဖြစ်ကြသည်။ ထိုကဲ့သို့သောသူတို့သည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသောသူများ ဖြစ်ကြသည်။ ထိုသူတို့သည်ဘုရားရှင်၏ဩဝါဒများကိုမလိုက်နာ၍ ကောင်းမှု တစ်စုံတစ်ခုကို ပင်ပြုလုပ်ရန်ပင် မသင့်တော်သောသူများ ဖြစ်ကြသည်။