1
ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊
2
ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။
3
နောက်မှ သူ့ကိုချစ်သော စိတ်မကုန်၊ အမြဲ ချစ်၍၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
4
ခမည်းတော်ဟာမော်ထံသို့လည်း ဝင်၍၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။
5
ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
6
ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊
7
ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
8
ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ၏။ ထိမ်းမြားပေးစားကြပါလော့။
9
သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့။
10
သင်တို့သည် ငါတို့နှင့်အတူနေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။
11
ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။တောင်းသမျှကို ပေးပါမည်။
12
ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင် ပေးပါမည်။ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလေ၏။
13
ယာကုပ်၏ သားတို့သည်၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ၊
14
ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။
15
သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင်၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည်။
16
သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ် ကြလိမ့်မည်။
17
သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့ သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။